Thursday, March 26, 2015

ယာဉ်စစ်တဲ့ နည်းစနစ်တွေ ဖတ်ကြည့်တဲ့အခါ




ယာဉ်စီးရေ တိုးတက်လာတာနဲ့အမျှ ယာဉ်အန္တရာယ် ကင်းဘို့အပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဆိုင်ရာ ကိစ္စတွေမှာ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ဘို့ လိုလာ ပါတယ်။ထိရောက်တဲ့ မော်တော်ယာဉ် ဆိုင်ရာ အစီအမံတွေ၊ သန့်ရှင်း သပ်ရပ်မှု၊ အန္တရာယ် ကင်းမှု စတာတွေ အတွက် စံချိန် စံညွှန်းတွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်ပေးဘို့ လိုလာမှာပါ။ ဒါတွေ အကောင်အထည် ဖေါ်ဘို့ နည်းလမ်းကတော့ ထိရောက်တဲ့မော်တော်ယာဉ် စစ်ဆေးခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစနစ်( I/M )ဘဲ ဖြစ်ပါတယ်။
လုပ်ငန်းစနစ်တွေမှာ ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ အင်ဂျင်အတွက် မီးခိုးထွက်ရှိမှု စစ်ဆေးခြင်း( Emission Test)နဲ့ယာဉ်အန္တရာယ် ကင်းရှင်းမှု အတွက် စစ်ဆေးခြင်း( Safety Test )ဆိုပြီး နှစ်ပိုင်းခွဲထားတာတွေ့ပါတယ်။လုပ်ငန်းစဉ်ကတော့တစ်ခုတည်းပါ။ဒါကိုဘဲ အများအသုံးပြုတဲ့ လမ်းတွေ ပေါ် မောင်းနှင်ဘို့စစ်ဆေးခြင်း(Road Worthiness Test )အနေနဲ့ သတ်မှတ်စစ်ဆေးကြတာပါ။
ဒီလုပ်ငန်းစဉ်တွေ အတွက် အစိုးရ ၊ အများနဲ့သက်ဆိုင်တဲ့အဖွဲ့တွေ ၊မော်တော်ယာဉ် နဲ့ပတ်သက်တဲ့ ကျွမ်းကျင် အဖွဲ့တွေ၊ ညှိနှိုင်း ဆောင်ရွက်ရမှာပါ။ အရေးအကြီးဆုံးကတော့ အဆုံးအဖြတ် မူဝါဒ ချမှတ်မှု နဲ့ ဒီလုပ်ငန်းတွေကို စည်းမျဉ်းစည်းကမ်းနဲ့ အညီ စီမံခန့်ခွဲနိုင်တဲ့ အဖွဲ့အစည်းပါ။
မော်တော်ယာဉ် စစ်ဆေးခြင်း လုပ်ငန်းစနစ် တွေမှာ ယာဉ်စစ်ဆေးခြင်း တစ်မျိုးသာ ဆောင်ရွက်တဲ့ စနစ်(Centralized System ) နဲ့ ယာဉ်စစ်ဆေးခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်း ကိုတွဲဖက် ဆောင်ရွက်တဲ့စနစ်( Decentralized System ) ဆိုပြီးနှစ်မျိုး တွေ့ရပါတယ်။ စံချိန်စံညွှန်း နဲ့ လုပ်ငန်းစဉ် တသမတ်တည်းဖြစ်ခြင်း၊ လိမ်ညာမှု နဲ့ လာဘ်ပေးလာဘ်ယူ လျော့ချနိုင်ခြင်း၊ စတာတွေကြောင့် ယာဉ်စစ်ဆေးခြင်း တစ်မျိုးသာ ဆောင်ရွက်တဲ့ စနစ် ကိုအသုံးပြုတာများပါတယ်။
ယာဉ်အလိုက် စံချိန်စံညွှန်း၊ကန့်သတ်ချက်၊ စတာတွေ မတူညီတာကြောင့် အောက်ပါအတိုင်း ခွဲခြားစစ်ဆေးတာ ကိုလည်း တွေ့ရပါတယ်။
(က)ယာဉ်အမျိုးအစား              ကား၊ဝန်ပေါ့၊ဝန်လေး၊မော်တော်ဆိုင်ကယ်
      Type                               Car: LV : HV : M/C
( ခ )ယာဉ်သက်တမ်း                 အသစ်၊အသုံးပြုပြီး၊အဟောင်း
      Vehicle Age                   New: Used : Old/Classic
( ဂ )လောင်စာဆီ                       ဓါတ်ဆီ၊ဒီဇယ်၊သဘာဝဓါတ်ငွေ့၊ရေနံဓါတ်ငွေ့
     Fuel                                  Gasoline: Diesel :CNG : LPG

အခြေခံအချက်တွေ

မော်တော်ယာဉ် စစ်ဆေးခြင်းစနစ်မှာ သတ်မှတ်ရမယ့် စံနှုန်း၊ ကန့်သတ်ချက်၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ််း၊စနစ် စတာတွေကို အောက်ပါ အခြေခံ အချက် တွေကနေ စဉ်းစားဆောင်ရွက်ရမှာပါ။
(က)မီးခိုးထုတ်လွှင့်မှု
( ခ )လိုအပ်သောစစ်ဆေးချက်
( ဂ )နည်းပညာဆိုင်ရာဝန်ဆောင်မှုပြုလုပ်မည့် ကုမ္ပဏီများ၊အေဂျင်စီများနှင့်၎င်းတို့၏
       တာဝန်များ
(ဃ)၎င်းတို့၏ ယာဉ်စစ်ဆေးမှုများ၊လုပ်ငန်းဆောင်ရွက်မှုများ တွင်အစိုးရ၏ကြီးကြပ်မှု

ဥပဒေတွေ

အဲဒီအခြေခံ အချက်တွေကနေပြီး အောက်မှာဖေါ်ပြထားတဲ့ ဉပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း တွေ လုပ်ဘို့ လိုလာမှာပါ။
(က)ယာဉ်များအတွက် လိုအပ်သော ယာဉ်စစ်ဆေးမှု၊ ပြုပြင်ထိန်းသိမ်းမှုတို့နှင့် ပတ်သက်သော
        အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊
( ခ )ယာဉ်စစ်ဆေးခြင်းလုပ်ငန်း အတွက်လိုအပ်ချက်များ၊
( ဂ )ပုဂ္ဂလိကများအားလုပ််ငန်း လိုင်စင် ချထားခြင်း နှင့်၎င်းတို့အား ထိန်းချုပ်ခြင်း လုပ်ငန်း
       ဆိုင်ရာများ၊
(ဃ)ယာဉ်စစ်ဝန်ထမ်းများ၏ အရည်အချင်း သတ်မှတ်ချက်၊
( င )ယာဉ်စစ်ဌာနများ၏နေရာ၊ရှိရမည့် စက်၊ပစ္စည်းကိရိယာများနှင့် သွင်ပြင်လက္ခဏာများ၊
( စ )စာရွက်စာတမ်းဆိုင်ရာကိစ္စရပ်များ၊
(ဆ )ယာဉ်စစ်ခများ၊
( ဇ )ယာဉ်စစ်ဌာနများ၊ဝန်ထမ်းများ၏ လိုင်စင်ချိုးဖေါက်ခြင်း ဆိုင်ရာအရေးယူမှု ကိစ္စများ၊
(ဈ )၎င်းတို့၏ လိုင်စင်ရုတ်သိမ်းခြင်း ဆိုင်ရာကိစ္စများ၊
(ည)လမ်းများတွင်ရှောင်တခင် စစ်ဆေးခြင်းနှင့် အရေးယူမှုကိစ္စရပ်များ၊
ယာဉ်စစ်ဆေးခြင်း စနစ် အောင်မြင်အောင် လုပ်နိုင်ဘို့ အဓိကအချက် တွေက မူဝါဒနဲ့ စည်းမျဉ်း စည်းကမ်းနဲ့ အညီ စီမံခန့်ခွဲ နိုင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ စည်းမျဉ်း၊လုပ်ထုံးလုပ်နည်းများ ဆိုင်ရာအားနည်းခြင်း၊ ငွေကြေးအင်အား မတောင့်တင်းခြင်း၊ ထိန်းချုပ်အရေးယူမှု အားနည်းခြင်း တို့ကြောင့် မသမာမှု နဲ့ အရည်အသွေး နိမ့်ကျမှု တွေ ဖြစ်နိုင်တယ် လို့ ဖတ်ရပါတယ်။

နည်းပညာဆိုင်ရာတွေ

ယာဉ်စစ်ရာမှာ မီးခိုးထုတ်လွှင့်မှု အပါအဝင် ဘရိတ်၊စတီရာရင်၊မီး၊တာယာ စတဲ့ အန္တရာယ် ကင်းရေးဆိုင်ရာ အဓိကကျတဲ့ အစိတ်အပိုင်းတွေကို လွှမ်းခြုံစစ်ဆေး နိုင်ဘို့ ဆောင်ရွက်ရမှာပါ၊ ယာဉ်အမျိုးအစား အလိုက် ကိုးကားလို့ရတဲ့ ယာဉ်စစ်လက်စွဲ ( Inspection Manual ) တွေလိုအပ်မှာပါ၊ ဒါ့အပြင် မူလယာဉ်စစ်ဆေးတဲ့ ပုံစံကို မထိခိုက်စေဘဲ ယာဉ်နဲ့ ပတ်သက်တဲ့ စံချိန်စံညွှန်း၊ကန့်သတ်ချက် တွေကို မော်တော်ယာဉ် နည်းပညာနဲ့ အသုံးပြုပုံ ပြောင်းလဲတာနဲ့အညီ နိုင်ငံ တကာ အဆင့်မီှ တဲ့အထိ တစ်ဆင့်ချင်း တိုးမြှင့်နိုင်ဘို့ လုပ်ရမှာပါ။ ယေဘူယျ အနေနဲ့ စံနှုန်း တွေကို အမျိုးအစား၊ လောင်စာဆီ၊ ယာဉ်သက်တမ်း စတာတွေအလိုက် လုပ်ဆောင်ဘို့ လိုကြောင်း လေ.လာ တွေ့ရှိပါတယ်။

ယာဉ်စစ်မယ့်ဌာနတွေ

ယာဉ်စစ်ဌာန တွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ဘို့ အောက်ပါ အချက်တွေကို အခြေခံပြီး စီမံ လုပ်ဆောင်ရမှာပါ။
(က)စစ်ရမယ့်စီးရေ
( ခ )အမျိုးအစားအလိုက်ကြာချိန်
( ဂ )လမ်းကြောင်းတစ်ခုပြီးစီးနိုင်သည့်စီးရေ
(ဃ)ဝန်ထမ်းများ၏ ကျွမ်းကျင်မှု
( င )လက်ရှိလုပ်ငန်း အေခြအနေ
( စ )ယာဉ်များ၏သက်တမ်း
(ဆ)အလုပ်ချိန် သတ်မှတ်ချက်
( ဇ )တိုးလာနိုင်သည့်စီးရေ
( ဈ)ယာဉ်စစ်ကျရှုံးနိုင်သည့်နှုန်းနှင့်ပြန်လည်စစ်ဆေးခြင်း
(ည)ဆက်လက်လုပ်ဆောင်ရန် လိုအပ်သောစာရွက်စာတမ်းကိစ္စရပ်များ

အဲဒါတွေအပြင်အောက်ပါလိုအပ်ချက်တွေကိုလည်း ထည့်စဉ်းစားရမှာပါ။
(က)ကားပါကင်လိုအပ်ချက်အပါအဝင် နေရာအကျယ်အဝန်း
( ခ )စစ်ဆေးခြင်းကြောင့်ဖြစ်ပေါ်သည့်ဆူညံမှု
( ဂ)လမ်းပမ်းဆက်သွယ်မှု အနေအထား
(ဃ)ဝန်လေးယာဉ်ကြီးများအတွက် လမ်းအခြေအနေ
( င )လူနေ ရပ်ကွက်အတွင်း မဟုတ်ရန်
( စ )လာရောက်ဆောင်ရွက်ရန် အဆင်ပြေမှု
(ဆ)လျှပ်စစ်၊ ရေ စသည့် လိုအပ်ချက်များ

ကွန်ပျူတာစနစ်

ယာဉ်စစ် လုပ်ငန်းတွေကို ကွန်ပျူတာနဲ့ထိန်းချုပ် ဆောင်ရွက်ခြင်းသာ ဖြစ်သင့်ပါတယ်။ ယာဉ်စစ် အောင်မြင်ဘို့ စက််ရဲ့အလိုအလျှောက် ထိန်းချုပ်စနစ် ကနေ  လူနဲ့ထိန်းချုပ်စနစ်ကို ပြောင်းလဲ နိုင်တဲ့ အခြေအနေမျိုး မလုပ်ဆောင်နိုင် အောင်လည်း ဆောင်ရွက် ရမှာပါ။ အပြည့်အဝ အလိုအလျှောက် ထိန်းချုပ်စနစ် (Fully Automated)လုပ်ဆောင်ရင် ကွန်ပျူတာ စနစ်နဲ့ စက်ကိရိယာတွေ အတွက် ကုန်ကျ စရိတ် များပြားနိုင်ပေမယ့် လိမ်ညာမှု၊ လာဘ်ပေးလာဘ်ယူမှု တွေကို သိသိသာသာ လျှော့ချနိုင်မှာပါ၊ အခြေခံ အချက်အလက်တွေ သိမ်းဆည်းနိုင်မယ့် ကွန်ပျူတာ တွဲဘက် အသုံးပြု စနစ် ( Semi Automatic ) ကိုတော့ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ လုပ်ကြတယ်လို့ ဖတ်ရပါတယ်။

ဝန်ထမ်း

ဝန်ထမ်း လိုအပ်ချက် အနေနဲ့ ယာဉ်စစ်ဌာနမှာ ရှိမယ့် လမ်းကြောင်း အရည်အတွက် နဲ့ ဝန်ထမ်းရဲ့ကျွမ်းကျင်မှု၊ စီမံရေးရာလိုအပ်ချက်တွေ အရ မန်နေဂျာ၊ စစ်ဆေးသူ၊ အကူ စသဖြင့် စဉ်းစားရ မှာပါ။

ယာဉ်စစ်ဆိုင်ရာကိစ္စရပ်တွေ

ယာဉ်စစ်ဌာနတွေ အနေနဲ့ လုပ်ငန်းဆောင်ရွက်ဘို့ စီမံချက်ချခြင်း၊တည်ဆောက်ရေးလုပ်ငန်း တွေဆောင်ရွက်ခြင်း တွေပြီးရင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ ယာဉ်စစ်ဆေးရ မှာပါ။ အဓိက ကတော့ ကျွမ်းကျင် ဝန်ထမ်းတွေနဲ့ ယာဉ်စစ်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ပါ။ ယာဉ်စစ်တဲ့အခါမှာလည်း အောက်မှာ ဖေါ်ပြထားတဲ့ အချက်တွေကို တာဝန်ခံဘို့လိုလာမှာပါ။
စံချိန်စံညွှန်း                                     တသမတ်တည်းဖြစ်ရန်
တန်းတူရည်တူရှိမှု                            ဆောင်ရွက်သူတိုင်းအတွက်ညီမျှမှု
လေ့ကျင့်သင်ကြားမှု                         တသမတ်တည်းဖြစ်ရန်
အရည်အသွေး                                 တသမတ်တည်းဖြစ်ရန်
အန္တရာယ်ကင်းမှု                              တသမတ်တည်းဖြစ်ရန်
စာရွက်စာတမ်း/                               အချက်အလက်များသိမ်းဆည်းမှု၊ဖြန့်ဝေမှု
စာရင်းအင်း                                     များတွင်တသမတ်တည်းဖြစ်ရန်
ညှိနှိုင်းပြင်ဆင်ခြင်း                            လောင်စာဆီစံနှုန်း၊ ယာဉ်စီးရေ စသည့်ပြောင်းလဲချက်
                                                      များအရ ယာဉ်စစ်စံနှုန်းများအား အမြဲမပြတ် တသမတ်   
                                                      တည်းဖြစ်ရန် ညှိနှိုင်းသတ်မှတ်ခြင်း

သင်တန်းများနှင့်ကျွမ်းကျင်လက်မှတ်များ

ယာဉ်စစ်ဝန်ထမ်းတွေ ကျွမ်းကျင်လာဘို့ ပုံမှန်သင်တန်းတွေ ဖွင့်လှစ်ပေးရပါမယ်။ သူတို့အနေနဲ့ ယာဉ်စစ်ဆေးခြင်းနဲ့ ပတ်သက်ပြီး လွှမ်းခြုံသိရှိ နေရမှာပါ။ ဒါမှသာ သူတို့အနေနဲ့ လုပ်ငန်း သဘောကို သိနားလည်ပြီး လာရောက် ဆောင်ရွက်သူတွေကိုလည်း ယာဉ်စစ်တာကြောင့် အကျိုးရှိပုံကို ရှင်းလင်း ပြောကြားပေးနိုင်မှာပါ။ သင်တန်းတေွမှာလည်းကျွမ်းကျင်ကြောင်း ပြသနိုင်ဘို့ သင်တန်းသားတွေ အနေနဲ့ လေ့ကျင့်မှု၊သရုပ်ပြမှုများ လုပ်ဆောင်ခြင်းနဲ့ စာမေးပွဲ စစ်ဆေးခြင်း တွေမှာ အောင်မြင်ဘို့ လိုအပ်မှာပါ။ အောင်မြင်ရင်လည်း အောင်မြင်တဲ့ အသိအမှတ်ပြု လက်မှတ်ပေးရမှာဖြစ်ပြီး လိုအပ်ရင် စစ်ဆေးတဲ့ အဖွဲ့အစည်းကို တင်ပြရမှာပါ။

လမ်းတွင်ရေှာင်တခင်စစ်ဆေးခြင်း

ယာဉ်ပိုင်ရှင်တွေ အနေနဲ့ ယာဉ်စစ်အောင်မြင်ပြီး နောက်ပိုင်းမှာ ယာဉ်ရဲ့ မီးခိုးထုတ်လွှင့်မှု၊ အန္တရာယ်ကင်းရှင်းမှု တွေနဲ့ ဆိုင်တဲ့ စက်ပစ္စည်း အစိတ်အပိုင်း တွေကို မရိုးမသားပြုလုပ်တာ အထင်အမြင်လွဲတာ မဖြစ်ဘို့ ရှောင်တခင်စစ်ဆေးရမှာ ဖြစ်ပြီး အစိုးရအဖွဲ့အစည်း၊ ဒါမှမဟုတ် အခြား သီးခြားအဖွဲ့အစည်း ကိုတာဝန်ပေး ဆောင်ရွက်ရမှာပါ။ အစိုးရက ဆောင်ရွက်ရင်တော့ ယာဉ်စစ်ဆေးတာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်နဲ့ လက်ရှိအခြေအနေကို အချိန်နဲ့အမျှ သိနိုင် မှာပါ။ အဲဒီအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဘို့ လိုပြီး ယာဉ်စစ်ခနဲ့ စစ်မယ့် စီးရေ တွေကို သီးခြား စဉ်းစားရမှာပါ။ အဲဒီလိုစစ်ဆေးတဲ့အခါ စီမံကြီးကြပ်မှု အပိုင်း အားနည်းချက် ရှိနိုင်ပါတယ်။ ယာဉ်စစ်ဆိုင်ရာလိုအပ်ချက် အားလုံး စစ်ဆေးဘို့ မလွယ်ပါဘူး။ နားလည်မှု လွဲတာ ဖြစ်နိုင်တဲ့အပြင် ယာဉ်စစ်ဌာနတွေမှာ စစ်တာထက် မသမာမှု ပိုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ယာဉ်စစ်ဆေးခြင်းစနစ်ကိုပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်နိုင်တဲ့ အပြင် ယာဉ်ပိုင်ရှင်တွေ အနေနဲ့ သူတို့ယာဉ်တွေကို အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရေး စံချိန်စံညွှန်း တွေနဲ့အညီ အချိန်တိုင်းထိန်းသိမ်း ထားရှိဘို့ အထောက်အကူဖြစ်လာမှာပါ။

ကျေးလက်ဒေသများနဲ့ရွေ့လျား ယာဉ်စစ်စက်များ

ကျေးလက်ဒေသတွေမှာ ယာဉ်စီးရေ နည်းပါးပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ယာဉ်မတော်တဆထိခိုက်မှု နည်းပါတယ်။ ဒါကြောင့်အဲဒီဒေသ တွေမှာ ရှိတဲ့ ယာဉ်တွေကို ယာဉ်စစ် ကင်းလွတ်ခွင့်၊ ဒါမှမဟုတ် ရွေ့လျားယာဉ်စစ်စက် တွေနဲ့ စစ်သင့်ပါတယ်။ ကုန်ကျမယ့်ငွေ ပမာဏ ကို ထည့်သွင်းစဉ်းစားသင့်ပြီး ပုံမှန်ထက် ပိုကုန်ရင် မစစ်သင့်ပါဘူး။ ဖြစ်နိုင်တဲ့အချက် အနေနဲ့ ခွင့်ပြုချက်ရ ယာဉ်စစ်ဝန်ထမ်းတစ်ဦးက သင့်လျော်တဲ့ အလုပ်ရုံ တစ်ခုမှာ နယ်လှည့်ယာဉ်စစ်ဆေးတဲ့ နည်းကို အသုံးပြုစစ်ဆေးခြင်းနဲ့ ဆောင်ရွက်တယ်လို့ဖတ်ရှုလေ့လာ ရပါတယ်။

Ref; Inspection& Maintenance and Roadworthiness
            ( Reinhard Kolke,UBA )
            Sustainable Transport; A Sourcebook for Policy-makers
            in Developing Cities( GIZ )

Friday, February 6, 2015

အဟန့် အတားကင်းတဲ့ခရီး(Barrier Free)



အဟန့် အတားကင်းတဲ့ခရီး(Barrier Free)
လူမှုစီးပွားလုပ်ငန်းတွေ အတွက် ကျွန်တော်တို့  အမြဲ လှုပ်ရှားသွားလာ ရုန်းကန် နေရ ပါတယ်။ အဲဒီမှာ လူမှုဝန်းကျင် တစ်ခုလုံးရော၊ လူတစ်ဦးချင်းစီရော သွားလာတာ အဆင် ပြေအောင် စဉ်းစား ဆောင်ရွက် ကြတာကို ရေးချင်တာပါ။ ကိုယ့်ကားလည်းမရှိ၊ ခရီးသွားရင်လည်း တခြားလူ၊ ဒါမှမဟုတ် အကူပစ္စည်း တစ်ခုနဲ့  ခရီးသွား ရတဲ့သူတွေ ခရီး မဖင့်အောင်၊ တခြားသူ တွေလို အေးအေး ဆေးဆေး သွားလာလို့  ရအောင် လုပ်ဆောင် ပေးသင့် ပါတယ်။ အဲဒီ ထဲမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ၊ သက်ကြီး ရွယ်အိုတွေ၊ အမြင်အာရုံ ချို့ တဲ့ သူတွေ အပါအ၀င် ၀န်စည်စလယ် များများ နဲ့ ခရီး သွားရတဲ့ သူတွေ ပါတာပေါ့။
  

လိုအပ်ချက်တွေ ဖြည့်ဆည်းဘို့ ဆိုတာက အိမ်က စထွက်ပြီ ဆိုကတည်းက ခရီးစဉ် တစ်လျှောက် လမ်း၊ ကားဂိတ်၊ ကား/ရထား၊ သန့် စင်ခန်း ကအစ နေရာ အမျိုးမျိုး၊ ပုံစံ အမျိုးမျိုးနဲ့  လုပ်ပေးရ မှာပါ။ တိုးတက်တဲ့ နိုင်ငံ တွေမှာတော့ ဒါတွေအတွက် အဟန့် အတား ကင်းဘို့(Barrier Free) ဥပဒေ၊ စည်းမျဉ်းတွေ ပြဌာန်းပေးပြီး စီမံချက်ချ ဆောင်ရွက်နေတာပါ။

 


(က)လူတိုင်းသုံးနိုင်ရမယ်၊ မျှတရမယ်။
(ခ )လွယ်လွယ်သုံးနိုင်ရမယ်။
(ဂ )တွေ့ တာနဲ့ အလိုလို သိအောင် ရိုးရှင်းရမယ်။
(ဃ)ထင်ရှားရမယ်။
(င )အန္တရာယ် ကင်းရမယ်။
(စ )သာမာန် အနေအထားနဲ့ အသုံးပြုနိုင်ပြီး အားစိုက် ရရင်လည်းနည်းနိုင်သမျှ
နည်းရမယ်။
(ဆ)သင့်တော်တဲ့အရွယ်အစား၊နေရာ၊ပုံစံ ဖြစ်ရမယ်။
ခရီးသွားရင် အနှောင့်အယှက်၊အဟန့် အတား ဖြစ်ရတာတွေ ရှိမှာပါ။ စိတ် အနှောင့် အယှက်ဖြစ်ရတာတွေလည်း ရှိမှာပါ။ အဲဒီထဲကမှ ရုပ်ပိုင်းဆိုင်ရာ အဟန့် အတား တွေကို ဖယ်ရှားဘို့  လုပ်ဆောင်ထားတာတွေကို တင်ပြပါမယ်။
ဂျပန်မှာတော့ လမ်းဘေးလျှောက်လမ်း နေရာတွေမှာ ဘီးတပ်ကုလားထိုင် သုံးသူ အချင်းချင်း ဖြတ်သွားလို့ ရအောင် အနည်းဆုံး ၃-မီတာ အကျယ်လုပ်ပါတယ်။ သူတို့ ရဲ့ ၇ည်မှန်းချက်က လမ်းမ အရှည် စုစုပေါင်း ၂၆၀၀၀km လောက်ရှိတဲ့အထဲက တစ်ဝက်ကို ဒီနှစ် တွေအတွင်းပြီးအောင် လုပ်မှာပါ။ နောက်ပြီး အသွားအလာ များတဲ့ လမ်းတွေမှာ လူသွားလမ်း၊ စက်ဘီးလမ်း၊ ဘီးတပ်ကုလားထိုင်လမ်း စသဖြင့် ခွဲပေးတာတွေ၊ အနိမ့်အမြင့်တွေ ပျောက်အောင် လမ်းကို အဆောက်အဦး နေရာနဲ့ တပြေးညီ ဖြစ်အောင် လုပ်တာတွေ၊ပလာဇာ လို လူစည်တဲ့ နေရာတွေမှာ စက်နဲ့ လျှောက်လမ်း (Moving walkway) လုပ်တာတွေ စသဖြင့် တိုးတက်အောင် လုပ်နေတာ ဖတ်ရပါတယ်။
ယာဉ်ရပ်နား စခန်းတွေ၊ ရထားဘူတာ တွေမှာ ဘယ်လိုလှေကား၊ ဘယ်လိုပုစံ တည်ဆောက်ရမယ်၊ စသဖြင့် စည်းမျဉ်း သတ်မှတ်ပြီး ဆောင်ရွက်ပါတယ်။ ဘက်စ်တွေ ဆိုလည်း ကြမ်းခင်းနိမ့် ဘက်စ်ကားတွေ၊ ဘက်စ်ကားတွေ မှာလည်း တစ်ခါတည်း တက်ဆင်း လို့ ရတဲ့ ဆင်ခြေလျောတွေ၊ ကားဂိတ်တွေကိုလည်း ဘက်စ်ကြမ်းခင်းနဲ့ တပြေးညီ ဖြစ်ဘို့  စတာတွေ လုပ်ဆောင်ပါတယ်။ မသန်စွမ်း တွေအတွက် သီးခြား သန့် စင်ခန်း၊ ဘီးတပ် ကုလားထိုင်အတွက်သီးခြားပါကင်နေရာ စသဖြင့် လုပ်ဆောင်တာတွေ့ ရပါတယ်။
ကျွန်တော်ကြည့်ထားတဲ့ ထဲက ပါတဲ့ပုံလေးတွေနဲ့ တင်ပြပါတယ်။